Followers

သတင်းဆိုဒ်များသို့

လိုအပ်သည်များကို တောင်းဆိုနိုင်ပါသည်

Total Pageviews

Powered by Blogger.


!!::..မင်္ဂလာပါ..............စိုင်းပင်ဖ(သဲတောမြေ) မှ မိတ်ဆွေအားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျာ ... လိုအပ်သည်များကို ဝေဖန် အကြံပြုပေးကြစေလိုပါတယ် !!::..saisaipinpha@gmail.com..::!!

Home » » တစ်ခါတုန်းက သဲတောမြေ - အပိုင်း(၁)

တစ်ခါတုန်းက သဲတောမြေ - အပိုင်း(၁)

 
ကျနော့ရဲ့စာဖတ်ပိရိတ်သတ်ကြီးအတွက် ဒီတစ်ခါတော့ ကျနော့ရဲ့အတိတ်က ဖြစ်ခဲ့တဲ့ ပျော်စရာပုံရိပ်လေးတွေကိုတင်ဆက်ပေးမှဖြစ်ပါတယ်ဗျာ။ သဲတောမြို့ ဆိုတဲ့ မြို့ငယ်လေးအကြောင်းပါ။ သဲတောမြို့ကို ပြောရရင်တော့ ၀မ်းတွင်းမြို့လဲပါမှဖြစ်မယ်ဗျ။ မြန်မာတစ်နိုင်ငံလုံးမှာ ထူးထူးဆန်းဆန်း ဆက်နေတဲ့မြို့ဆိုလို့ သဲတောမြို့ နဲ့ ၀မ်းတွင်းမြို့ပဲရှိမယ်ထင်တယ်ဗျာ။
 

သဲတောမြို့

      သဲတောမြို့ဆိုတာက မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊၀မ်းတွင်းမြို့နယ် မှာတည်ရှိတာပါ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသလေးပေါ့ဗျာ။ သဲတောမြို့က ကျနော့ဇာတိမြို့ငယ်လေးမဟုတ်ပါဘူးဗျာ။ ကျနော်က တောင်ကြီးမြို့ကပါ။ကျနော့အဖေက အလုပ်ကိစ္စနဲ့ ခရီးခဏခဏထွက်ရတော့ (၂) တန်းထဲက အဖေ့အမျိုးတွေရှိတဲ့ သဲတောမြို့မှာ ကျနော်သွားနေရတာပေါ့ဗျာ။ ဦးလေးတို့ အန်တီတို့နဲ့ပေါ့။ ဦးလေးတို့ အန်တီတို့ကလဲ သူတို့မှာသားမရှိတော့ ကျနော့ကို သားလေးတစ်ယောက်လိုပဲချစ်ကြပါတယ်ဗျာ။ သဲတောမြို့မှာ မြို့ကျက်သရေဆောင် မြတ်ဘုန်းရှင်စေတီတော်မြတ်ကြီး နဲ့ အထင်ကရနေရာတွေရှိပါသေးတယ်ဗျာ။ ဓါတ်ပုံနဲ့ မတင်ပြနိုင်တာကို နားလည်ပေးကြပါလို့ စာဖတ်ပိရိတ်သတ်ကြီးကိုပြောပြချင်ပါတယ်ဗျာ။

         ကျနော်လူပျိုပေါက်အရွယ်လောက်တုန်းကပေါ့ဗျာ...........။
    ကျနော်သွားသွားထိုင်နေကျ ပစ်တိုင်းထောင် လက်ဖက်ရည်ဆိုင် ၊ ကံကော်ဦးလက်ဖက်ရည်ဆိုင် နဲ့ ရွှေပုပ္ပါးလက်ဖက်ရည်ဆိုင်တို့ကို နေ့စဉ်နေ့တိုင်း သွားချည်ပြန်ချည်နဲ့ ဂျူတီကျနေတယ်ပေါ့ဗျာ။ ကျနော်တို့ သဲတောမြို့က လက်ဖက်ရည်ဆိုင်တွေက တခြားမြို့နဲ့မတူတာတစ်ခုရှိတယ်ဗျ။လက်ဖက်ရည်အရသာက တစ်ခါသောက်လိုက်ရင် စွဲသွားတတ်တယ်။ လက်ဖက်ရည်ကို မိုးရည်နဲ့ ကျိုတယ်လို့ပြောတာပဲဗျာ.....ကျနော်ကတော့ သိပ်မသိပါဘူး။ ကျနော့ရဲ့ ငယ်ပေါင်းကြီးဖေါ်(တစ်နည်းအားဖြင့်) ဆိုးဖေါ်ဆိုးဖက်တွေဖြစ်တဲ့ ဘော်ဒါအပေါင်းအသင်းတွေကလဲ အားလုံး စိတ်တူကိုယ်တူတွေပဲဗျ။ ဒါလုပ်မယ်ဆိုတာတဲ့ အားလုံးက ခေါင်းငြိမ့်ပြီးသားပဲ။အဲ့လောက်ကို ညီခဲ့ ချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
သူတို့ကတော့ ဘူကြီး၊အောင်လေး၊ငသက် နဲ့ တခြားသော သူငယ်ချင်းတို့ပဲဖြစ်ပါတယ်။

    တစ်နေ့မှာတော့ ကျနော်တို့ကို ဘူကြီးက ဘယ်ကငှားလာမှန်းမသိတဲ့ လေသေနတ်တစ်လက်ကို ထုတ်ပြရင်း ငှက်သွားပစ်မယ်လို့ဆိုလာပါတယ်။ ကျနော်တို့ကလဲ မဆိုင်းမတွပဲ ခေါင်းငြိမ့်ပြီးသားပေါ့ဗျာ။ ဒါနဲ့ လိုရမယ်ရ လွယ်အိတ်ကိုယ်စီလွယ် လေးဂွလေးတွေကိုင်ပြီး လောက်စာလုံးကို လွယ်အိတ်ထဲအပြည့်ထည့်ကာ ငှက်ပစ်ဖို့ ထွက်လာပါတယ်ဗျာ။ အဲ့အချိန်မှာ ဘူကြီးက သချိုင်းကုန်းလယ်စပ်နားမှာ ရေဗျိုင်းတွေတွေပေါတယ်တဲ့....သွားပစ်ကြမယ်တဲ့လေ။ ကျနော်ကလဲ ၀ါရင့်သဘာရင့်မုဆိုးဆိုတော့ ခေါင်းငြိမ့်လိုက်ပါတယ်။ အမှန်က ရေဗျိုင်းဆိုတာကို တစ်ယောက်မှ မြင်ကိုမမြင်ဖူးတာ။ကဲ.........ပြတ်ကရော.... အဲ့လောက်ကို စည်းလုံးညီညွတ်တာဗျာ။  ဒါနဲ့ သချိုင်းကုန်းလယ်စပ်နားက ခြုံပုတ်လေးတွေကြားထဲမှာ ၀ပ်လိုက်ရတာ မနက်ထဲကဗျာ။ အခုဆို နေ့လည်ထမင်းစားချိန်တောင်ကျော်နေပါပေါ့။ဗျိုင်းဆိုလို့ ဘာဗျိုင်းမှကိုမလာတာ။ရေဗျိုင်း မပြောနဲ့ စာကလေးငှက်တောင်မတွေ့ရဘူး။ ဒါနဲ့အားလုံးတိုင်ပင်လိုက်ပါတယ်။ ဗျိုင်းပစ်မရရင် ငှက်သွားပစ်မယ်ပေါ့ဗျာ။ ငှက်ကလဲ လျှင်တဲ့ငှက်နဲ့ အကောင်ငယ်တဲ့ငှက်ဆိုရင် ကျနော်တို့လက်စ နဲ့ မဖြစ်သေးပြန်ဘူးလေ။ အဲဒီတော့ အားလုံးတိုင်ပင်ပြီးထွက်လာတဲ့အဖြေကတော့.......ခိုပစ်ကြမယ်တဲ့။

      ကိုယ့်စိတ်ကူးလေးနဲ့ကိုယ်ဆိုတော့လဲ အပိုင်ပဲပေါ့ဗျာ။ စံကျောင်း ဆိုတဲ့ ရှေးဟောင်း ဘုန်းကြီးကျောင်းထဲမှာ ခို တွေအလွန်ပေါတာကိုးဗျ...အဟက်ဟက်ဟက်ဟက်။   မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပုံမှား ကျနော်တို့လို သဘာရင့် ၀ါရင့်မုဆိုးလေးတွေ ခြေသံလုံလွန်းလို့ ခိုတွေကပြေးလိုက်ကြတာများဗျာ သူတော်ကောင်းတွေကိုမြင်လို့ မကောင်းဆိုးဝါးတွေထွက်ပြေးတာကျနေတာပဲ(ပိုင်ချက်!!!!!!! နှိုင်းယှဉ်လိုက်ပုံက)။
  
    အဲ့ဒီတော့ အားလုံးပြန်တိုင်ပင်ရတာပေါ့ဗျာ တွေ့သမျှပစ်တော့မယ်လို့။ မဲမဲမြင်တာနဲ့ ပစ်လိုက်ကြတာဗျာ..။ လောက်စာလုံးတွေလဲကုန် လေသေနတ်ကျည်ဆံဆိုရင် လုံးဝကို မရှိတော့တာဗျ။ အဲဒီတော့ ထုံးစံအတိုင်း ကျနော်တို့အားလုံးခေါင်းချင်းဆိုင်ပြီးထပ်တိုင်ပင်ကြတာပေါ့ဗျာ။ ဒီတစ်ခါတိုင်ပင်လို့ထွက်လာတဲ့ အကြံကတော့ ဘာကျည်ဆံ ဘာလောက်စာလုံးမ မရှိတော့လို့  ညနေကျရင် သေချာပေါက်စားရမဲ့နည်းပါပဲဗျာ။ အဲဒါကတော့ တစ်ခြားမဟုတ်ပါဘူး။ ပေါက်သင်ညိုဖမ်းကြမယ်တဲ့.............။
      အကြံပေးသူကတော့ ငသက်ပါ။ သူတို့ရွာမှာ အဲလိုစားဖူးတယ်တဲ့။ ပေါက်သင်ညိုကို ခြေထောက်ဖြတ် လက်ဖြတ် ခေါင်းဖြတ် အမြီးဖြတ်ပြီး အရေဖျားးကိုခွာလို့ ခဏလောက်နေလှန်းပြီး ကြော်စားလိုက်ရင် ကြက်သားတောင် ရှုံးတယ်တဲ့ဗျာ။ပေါက်သင်ညိုက ဆေးဖက်ဝင်ပြီး ပန်းနာရင်ကျပ်ရောဂါတွေတောင်ပျောက်တယ်ဆိုပဲဗျ။ ကျနော်တို့ကတော့ အပျော်သဘောပဲ ချကွာလို့ ပြောလိုက်ပါတယ်။ ရလာရင်တော့ စားဖို့ အစီအစဉ်မရှိကြပါဘူး။ ဒါနဲ့ပဲ ၀ါရင့်မုဆိုးသဘာနဲ့ အုတ်နီခဲကျိုးတွေ ကျောက်ခဲတွေကိုင်ပြီး လိုက်ပစ်လိုက်ကြတာဗျာ  ရလိုက်တဲ့ပေါက်သင်ညိုတွေ။အိမ်အပြန်လမ်းမှာတော့ ဂုဏ်ယူဝင့်ကြွားတဲ့ခြေလှမ်းတွေနဲ့ပေါ့ဗျာ။ ညနေကျရင် တောအရက်လေးနဲ့ မြည်းကြမယ်ပေါ့။
အိမ်ပြန်ရောက်လို့ မကြာခင်မှာပဲ ဘူကြီးက သူ့ဆိုင်ကယ်နဲ့ တောအရက်ဆိုင်လေးကိုပြေးပြီး ရလာတဲ့ ပေါက်သင်ညိုတွေကိုသွားပေးလိုက်ပါတယ်ဗျာ။ တောအရက်ဆိုင်ရှင်ကလဲ ခင်နေတော့ ညီကိုတွေလိုဖြစ်နေပါပြီ။ သူတို့လင်မယားကပဲ ပေါက်သင်ညိုကို နေလှမ်း အစာပလာတွေထည့်လို့ ကြော်ပေးထားပါတယ်ဗျာ။

နေစောင်းလို့ ညနေ နေ၀င်တဲ့အချိန်လေးမှာတော့ တောအရက်ဝိုင်းလေးနဲ့ ကျနော်တို့ သူငယ်ချင်းအုပ်စုကတော့ ပုတ်သင်ညိုကြော်လေးနဲ့ စည်းကားနေတော့တာပါပဲဗျာ........။

ဆက်လက်တင်ဆက်ပါအုံးမည်


စိုင်းပင်ဖ(သဲတောမြေ)

0 comments:

F
R
I
D
A
Y
1
8
A
P
R
I
L
2
0
2
5
3
4
5
6
7
8
9
10
11
12
1
2
.
.
.
.
.
.
.
.
.
.
.
.